အဒေါနိယာမ် ဂျက်ဆင်ကို ၁၇၈၈ ခုနှစ် သြဂုတ်လ
(၉) ရက်နေ့တွင် အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် မော်လ်ဒန်းမြို့တွင်
မိခင် အဘိဂဲလနှင့် ဖခင် အဒေါနိယာန် ဂျက်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။
ထိုမြို့နယ်လေးတွင် အမှုတော်ဆောင် သင်းအုပ်ဆရာဖြစ်သော ဖခင်၏ သွေးတွေ သူ၏
အသွေးအသားထဲတွင် ဆက်လက် စီးဆင်းသွားမည်ဟူ၍ မည်သူကမျှ
ကြိုတင်တွေးထားခဲ့ခြင်း မရှိပေ။
ငယ်ရွယ်စဉ်ကပင် ညဏ်ပညာထက်မြက်သော ဂျက်ဆင်သည် ၁၈၀၄ ခုနှစ်တွင် ဘရောင်း တက္ကသိုလ်တွင် ပညာသင်ကြား အောင်မြင်ခဲ့ပြီး အသက် (၁၉) နှစ်အရွယ် ၁၈၀၇ ခုနှစ်တွင် အခြေခံ အင်္ဂလိပ် သဒ္ဒါစာအုပ် တစ်အုပ်နှင့် နှင့် အမျိုးသမီးငယ်တို့၏ သင်္ချာစသည့် ပြဌာန်းစာအုပ် (၂) အုပ်ကို ဖြည့်စွတ်ဖြည့်စည်း ခဲ့လေသည်။
ငယ်ရွယ်စဉ်ကပင် ညဏ်ပညာထက်မြက်သော ဂျက်ဆင်သည် ၁၈၀၄ ခုနှစ်တွင် ဘရောင်း တက္ကသိုလ်တွင် ပညာသင်ကြား အောင်မြင်ခဲ့ပြီး အသက် (၁၉) နှစ်အရွယ် ၁၈၀၇ ခုနှစ်တွင် အခြေခံ အင်္ဂလိပ် သဒ္ဒါစာအုပ် တစ်အုပ်နှင့် နှင့် အမျိုးသမီးငယ်တို့၏ သင်္ချာစသည့် ပြဌာန်းစာအုပ် (၂) အုပ်ကို ဖြည့်စွတ်ဖြည့်စည်း ခဲ့လေသည်။
တတ်ကြွပြီး ထက်မြက်သော လူငယ် တစ်ယောက်
ဖြစ်သည်နှင့် အညီ ထိုကာလက ပြင်သစ်ဘာသာရေး ဖောက်ပြန်မှု၊ လွဲမှားသော အတွေး
အခေါ်အချို့၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး လွတ်လပ်စွာ တွေးခေါ်ပြီး ဘုရားမဲ့
ဝါဒီကို သဘောကျ လက်ခံခဲ့လေသည်။ ထိုဝါဒကို လက်ကိုင်းပြုရင်း လူငယ်သဘာဝ
စွန့်စားမှု ဖွင့်ရန် အမေရိကန် နယူယောက်မြို့ကို ခရီးပြုခဲ့ပါသည်။
ဆန္ဒနောက်ကိုလိုက်ကာ ဘ၀ စွန့်စားစိန်ခေါ်မှုများကို ရှာဖွေပြီးတဲ့
အချိန်ကာလတစ်ခုမှာတော့ အိမ်ကို ပြန်ဘို့ ခြေဦးလှည့်ခဲ့ရာ မြို့တစ်မြို့ရဲ့
တည်းခိုခန်းတစ်ခုတွင် ဘုရားရှင်၏
အလင်းပေးမှုကြောင့် နောင်တရ
ပြောင်းလဲလာသူမှာလည်း အဒေါနိယာန် ဂျက်ဆင်ပင် ဖြစ်လေတော့သည်။
ထိုတည်းခိုးခန်းငယ်ကလေးတွင် တစ်ညလုံး
ဝေဒနာနှင့် ငြီးတွားနေခဲ့သူဟာ သူနဲ့ ဘုရားမဲ့ ဝါဒီကို အတူယုံကြည်ခဲ့သော
သူငယ်ခြင်း ဂျက်ကော့အင်း ဖြစ်လေတော့သည်။ ထိုသူသည် တစ်ညလုံး ကယ်ပါ ယူပါ
တစ်စာစာ အော်ဟစ်နေခဲ့လေသည်။ တစ်ဖက်ခန်းမှ ဂျက်ဆင်သည်လည်း ထိုသူ၏
အော်သံကြောင့် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။ နောက်တစ်နေ့တွင်
ထိုအော်ဟစ်နေသူမှာ သေဆုံးသွားပြီးဟု သတင်းကြားပြီးနောက် လူတွေသေရင် ဘယ်ကို
ရောက်မှာလဲ ဆိုသော အတွေး လင်းလက်လာခဲ့ပြီး ဘုရားသခင်ထံသို့ လှည့်ပြန် လာခဲ့
လေတော့သည်။
၁၈၀၈ ခုနှစ်တွင် ပလိုင်းမောက်မြို့တွင်
ရှိသော အင်ဒိုဗာ ကျမ်းစာကျောင်းတွင် တတ်ရောက် ပညာ သင်ကြား ခဲ့ပါသည်။
ဆုံးဖြတ်ချက် တူညီသော မိတ်ဆွေ အချို့နှင့် အတူ ကောက်ရိုးပုံကြီးအနားတွင်
ဆုတောင်း ဆက်ကပ် အသက်တာကို အပ်နှံအပြီးတွင် သူတို့အားလုံး အမှုတော်မြတ်အတွက်
အသက်ရှင် ခဲ့ကြပါသည်။
၁၈၁၂ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင်
စိတ်တူကိုယ်တူ၊ ဘုရားချစ်သူ၊ စွန့်စားလိုသူ၊ အန်းဟက်ဆယ်တိုင်း နှင့် လက်ထက်
ထိမ်းမြား ခဲ့လေသည်။ နောက်တစ်ရက် ဖြစ်သော ဖေဖော်ဝါရီလ (၆) ရက်နေ့တွင်
သိက္ခာလက်တင် ဘိသိတ်မင်္ဂလာကို ခံယူခဲ့ပါသည်။ နောက်ထပ် (၂) ပတ်အကြာ
ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ကရာဗာန် သဘောင်္ကြီးနှင့်အတူ ရွက်လွှင့်ခဲ့ပြီး
ယခုအခါ နှစ် (၂၀၀) ပြည့်တော့မည့် သာသနာပြု သမိုင်း ခရီးစဉ်ကြီးကို
အစပြုခဲ့ပါ တော့သည်။
၁၈၁၂ ခုနှစ်နှစ် ဇွန်လ (၁၇) ရက်နေ့တွင်
ကာလကတားမြို့သို့ ရောက်ရှိလာပါတော့သည်။ ငါးလခန့် ကြာမြင့်သော
ထိုခရီးစဉ်အတွင်း သမ္မာ ကျမ်းစာကို လေ့လာနေခဲ့ပြီး နှစ်ခြင်းအဖြစ်
ပြောင်းလဲခံယူခဲ့ပါသည်။ ၁၈၁၂ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့တွင် ဇနီးမောင်နှံ
(၂) ဦးစလုံးသည် ကလာကတားမြို့ လာဆေး သုဓမ္မာဇရပ်တွင် ဆရာကြီး ဝီလျံဝု
အားဖြင့် နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့ပါသည်။ မကြာမီ အင်္ဂလိပ် အရှေ့အိန္ဒိယ
ကုန်ပ္ပဏီ အာဏာပိုင်တို့၏ အကြပ်ကိုင်မှုကြောင့် ဆရာကြီး ယုဒဿန်တို့
ဇနီးမောင်နှံသည် ကလကတားမြို့မှ ထွက်ခွာခဲ့ရပါတော့သည်။
အခြားသို့ ထွက်ခွာရန် ကြံစည်ခဲ့သောလည်း
သဘောင်္ဆိပ်တွင် တစ်စီးတည်းသာ ရှိပြီး မြန်မာနိုင်ငံသို့ ထွက်ခွာတော့မည့်
သဘောင်္ပေါ်တွင် တက်ရောက်လာကာ ဤအရာမှာ ဘုရားရှင်၏ အကြံအစည်တော် တစ်ခုသာ
ဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံခဲ့ကြလေတော့သည်။ ၁၈၀၁၃ ခုနှစ် ဇူလိုင်လ (၁၃)
ရက်နေ့တွင် မြန်မာပြည်၏ ဆိပ်ကမ်းဖြစ်သော ရန်ကုန်မြို့သို့ ဘေးကင်းစွာ
ရောက်ရှိလာခဲ့ကြသော်လည်း ပင်လယ် ခရီးစဉ် အတွင်း ကြမ်းတမ်းသော သဘာဝ
ဘေးအန္တရာယ်များကြောင့် ပထမဆုံးသော သူတို့၏ ရင်သွေးငယ်လေးမှာ ပျက်ကျ
ဆုံးရှုံးခဲ့ရလေသည်။ ဤသည်မှာ ယုဒဿန်တို့ ဇနီးမောင်နှံတို့ ဆက်လက်ပေးဆက်ရမည့်
အရာများစွာထဲမှ ပထမဦးဆုံး ပေးဆပ်မှုပင် ဖြစ်လေတော့သည်။
ညဏ်ပညာ ထက်မြက်သည့် ယုဒဿန်သည် လက်တင်၊
ဂရိနှင့် ဟေဗြဲဘာသာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက် ထားသော်လည်း
အနောက်တိုင်း ဘာသာ စကားနှင့် လုံးဝ ဆန့်ကျင် ကွဲပြားသည့် မြန်မာ
စကားနှင့် မြန်မာ စာပေကို တစ်နေ့လျှင် (၁၂) နာရီခန့် အချိန်ယူကာ
(၃) နှစ်ကျော် ကြိုးစား အားထုပ် အပတ် တကုတ် သင်ယူခဲ့ပါသည်။
ဇနီးသည် ဖြစ်သော မမ ယုဒဿန်မှာမူကား
အိမ်ရှင်မ ပီပီ ဈေးဝယ်ထွက်ခြင်း၊ အခြား အမျိုးသမီးများနှင့် ထိတွေ့
ဆက်ဆံနိုင်ခြင်းတို့ကြောင့် မြန်မာ စကားကို ပို၍ပင် ကျွမ်းကျင် တတ်မြောက်
လာလေတော့သည်။ ဤသို့ဖြင့် လက်ကမ်း ဝေစာများကို ကျိုးစား ရေးသားခဲ့ပြီး
“ ကောင်းကင် လမ်းပြစာ” ဆိုသော ကျမ်းငယ် ကလေးကို ပုံနိုပ် ထုပ်ဝေနိုင်ရန်
ကြိုးစား အားထုပ်ခဲ့လေတော့သည်။
ဤသို့ဖြင့် ၁၉၁၆ ခုနှစ် နိုဝင်ဘာလ (၁၅)
ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော နှစ်ခြင်း အသင်းတော်ကို ဆရာ
ယုဒဿန် ဇနီး အန်း ဟက်ဆယ်တိုင်း၊ ဆရာ ဟောက်ခ်ျ တို့ ဇနီးမောင်နှံ တို့သည်
တည်ထောင် ခဲ့ကြလေ သည်။ ထို့အတူ မြန်မာ သဒ္ဒါကျမ်း ပြုစုခြင်းနှင့် ရှင်မဿဲ
ခရစ်ဝင် ကျမ်းကို ဘာသာပြန်ခြင်း လုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ရင်း
၁၈၁၇ ခုနှစ် ဇူလိုင်လတွင် အောင်မြင်စွာ လုပ်ဆောင် ပြီးစီးခဲ့လေတော့သည်။
ထိုမှ တစ်ဆင့်တက်ကာ ၁၈၁၈ ခုနှစ် အတွင်းတွင်
ဇရပ် တစ်ဆောင်ဆောက်လုပ်ကာ သတင်းကောင်း ဟောပြောခြင်း အမှုကို
လုပ်ဆောင်ခဲ့လေ တော့သည်။ ပထမဦးဆုံး လူထုအများနှင့်
သတင်းကောင်း ဝေငှခြင်းကို ၁၈၁၉ ခုနှစ် ဧပြီလ အတွင်းတွင်
လုပ်ဆောင်နိုင်ခဲ့ပြီး လူဦးရေ (၁၅) ယောက် တက်ရောက် ခဲ့ကြပါသည်။ (၂) လခန့်
ကြာလာသောအခါ ဦးနောဆိုသူ မြန်မာအမျိုးသား တစ်ဦးသည် ခရစ်တော်ကို သက်ဝင်
ယုံကြည်ပြီး နှစ်ခြင်း မင်္ဂလာကို တောင်းခံခဲ့ရာ ၁၈၁၆ ခုနှစ် ဇွန်လ (၂၇)
ရက်နေ့တွင် ဆံတော်ကြိုလမ်းအနီးရှိ လိပ်ပြာကန်တွင် ဦးနောကို နှစ်ခြင်း
မင်္ဂလာ ပေးအပ် ခဲ့ကြပါသည်။
၁၈၁၉ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့တွင်
ဆရာကြီး မျှော်လင့်ထားသော မြန်မာတိုင်းရင်းသား ပါဝင်သည့် မြန်မာ စကားဖြင့်
ဝတ်ပြုသည့် ပထမဆုံး ပွဲတော် မင်္ဂလာကို ကျင်းပ ပြုလုပ်နိုင် ခဲ့သည့်အတွက်
ဆရာကြီး ယုဒဿန်သည် အထူးပင် ဝမ်းမြောက်ခဲ့ရလေသည်။ (၁၈၂၀ ခုနှစ် ဇန္နဝါရီလ
(၂၀) ရက်နေ့တွင် မြန်မာပြည်၌ လွတ်လပ်စွာ သာသနာ ပြုခွင့်ရရန်
ရည်ရွယ်ချက်ဖြင့် ဘကြီးတော် မင်းတရားကြီးထံ ခစားကာ ခွင့်ပန်ခဲ့လေသည်။
သို့သော်လည်း အမိန့်တော် တစ်စုံတစ်ရာ ချမှတ်ခဲ့ခြင်း မရှိခဲ့ပေ။ ခက်ခဲသော
အချိန်ကာလ တစ်ခုဖြစ်ခဲ့ပါသည်။ ခရစ်ယာန်ဘာသာကို သက်ဝင် ယုံကြည်မည့်
သူများအတွက် အန္တရာယ် ချိန်ခြောက်မှုများ ရှိခဲ့သောကြောင့် ဗြိတိသျှ
လက်အောက်ခံ စစ်တစ်ကောင်းမြို့သို့ ပြောင်းရွှေ့ကာ သာသနာပြုရန်
စဉ်းစားခဲ့လေသည်။ ၁၈၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ တစ်ခုသော
ညနေစောင်းတွင် သာသနာတော်အတွက် တိုင်ပင် ဆွေးနွေး နေခဲ့ရာ ဦးနော၊ ဦးပြား၊
ဦးသာလှတို့ (၃) ဦးက ခက်ခဲသော အချိန် ဖြစ်သော်လည်း ယုံကြည်သူ (၈) ဦး
သို့မဟုတ် (၁၀) ဦးခန့် ရှိလာသော အချိန်မှ တစ်ဦးဦးကို ခေါင်းဆောင်
ခန့်ထားပြီး ဆရာတို့ သွားလိုရာ
သွားစေလိုကြောင်း တောင်းပန် ပြောဆိုခဲ့တာကြောင့် ဆရာကြီးတို့
ဇနီးမောင်နှံဟာ မြန်မာပြည် မှာဘဲ ဆက်ပြီး သာသာနာပြုဘို့
ဆုံးဖြတ်ခဲ့ကြပါတော့သည်။
၁၈၂၃ ခုနှစ်တွင် ယုံကြည်သူ တပည့်တော် (၁၈)
ဦးခန့်အထိ ရှိလာခဲ့ပြီး ဓမ္မသစ်ကျမ်း ကိုလည်း မြန်မာ
ဘာသာသို့ အောင်မြင်စွာ ပြန်ဆိုနိုင် ခဲ့ပါတော့ သည်။ ၁၈၂၃ ခုနှစ် ဒီဇင်ဘာလ
(၁၃) ရက်နေ့တွင် ဘုရင်မင်းမြတ်ကြီး၏ သဘောတူ ခွင့်ပြုမှုဖြင့် အင်းဝတွင်
သာသနာ ပြုခွင့်ရရှိခဲ့ပြီး အထက် မြန်မာပြည်သို့ ပြောင်းရွေ့
သာသနာ ပြုခဲ့လေတော့သည်။
၁၈၂၄ ခုနှစ်တွင်
အင်္ဂလိပ်မြန်စစ်ကြောင့် နိုင်ငံခြားသားများကို ဖမ်းဆီး ထိန်းသိမ်းခဲ့ရာတွင်
ဇွန်လ (၂၈) ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ကို ဆရာကြီး ယုဒဿန်လည်း
ခံခဲ့ရလေသည်။ အင်းဝထောင်တွင် အကျဉ်းချခံရချိန်တွင် မမ ယုဒဿန်က
ကိုယ်ဝန်ကြီးဖြင့် လာရောက် တွေ့ဆုံခဲ့ ပြီး ဆရာကြီး၏ ကျမ်းစာဘာသာပြန်
လက်ရေးမူကို ခေါင်းအုံးတွင် ဝှက်ကာ ယူဆောင်လာပေးခဲ့လေသည်။
ကိုယ်ဝန် အရင့်အမာနှင့် ဖြစ်သော
မမယုဒဿန်သည် ၁၈၂၅ ခုနှစ် ဇန္နဝါရီလ (၂၅) ရက်နေ့တွင် သမီးငယ်လေး
မာရိယာကို မွေးဖွားခဲ့လေသည်။ အကျဉ်းကျခံပြီး (၁၁) လအကြာ ၁၈၂၅ ခုနှစ် မေလ
(၂) ရက်နေ့တွင် အင်းဝလက်မရွံ့ ထောင်မှ အောင်ပင်လယ် လက်မရွံ့ထောင်သို့ (၁၀)
မိုင်ခရီးကို ဖိနပ်မပါ ခြေဗလာဖြင့်
ပြောင်းရွေ့ ခေါ်ဆောင်သွားသဖြင့် ခြေဖဝါးတွင်
ဒါဏ်ရာဒါဏ်ချက်များဖြင့် သွေးများ ယိုစီးကာ ကျဆင်းလာလေ တော့သည်။ မမ
ယုဒဿန်ကလည်း လသား ကလေးငယ်ကလေးကို ရင်မှာပိုက်လျက် မျက်ရည်တို့ဖြင့်
ငိုးကြွေးလျက် ဆရာကြီး ယုဒဿန် နောက်သို့ လိုက်ပါခဲ့လေတော့သည်။
ထောင်ထဲမှာ ဖျားနာနေသော
ဆရာယုဒဿန်ကို ပြုစုဘို့ ကြိုးစားရင်း သူမကိုယ်တိုင်မှာတော့ အစာအဟာရ
ချို့တဲ့ခဲ့ရပြီး သမီးငယ်လေးကို နို့ချို တိုက်ကြွေးဘို့ လုံလောက်တဲ့
အင်အား မရှိတဲ့အတွက် ရွာထဲမှာ ရှိတဲ့ မိခင် အမျိုးသမီး အချို့ကို
အကူအညီ တောင်းခဲ့ရခြင်းဟာ အင်မတန် ဆို့နင့် ကြေကွဲဘွယ် ကောင်းလှပါသည်။
ထောင်ပြောင်းရွေ့ချိန်တွင် ထောင်စောင့်များက ခေါင်းအုံး
အစုတ်ကြီး ဟုဆိုကာ လွင့်ပစ်လိုက်သဖြင့် ထိုခေါင်းအုံး အစုတ်ကြီးကို
ဦးအင်းက တွေ့ကာ သိမ်းဆည်းထားခဲ့သည့်အတွက် နှစ်ပေါင်းများစွာ အပင်ပန်းခံ
ဘာသာပြန်ခဲ့သော ကျမ်းစာလက်ရေးမူများ မပျောက်ပျက်ခဲ့ခြင်း ဖြစ်ပါ သည်။
၁၈၂၅ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင်
အင်္ဂလိပ်မြန်မာ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုရာတွင်
ဘာသာပြန်အဖြစ် ဆောင်ရွက်ရန် ထောင်ထဲမှ ခေါ်ထုပ်ခံခဲ့ရသည်။ ထိုသို့ ဘာသာပြန်
လုပ်ဆောင်ပေးမှုကြောင့် ရရှိလာသည့် ဒေါ်လာ (၆၀၀၀) ကို မြန်မာနိုင်ငံ၏
ပညာရေး မြှင့်တင်ပေးနိုင်ရန် အတွက် မော်လမြိုင်မြို့တွင်
စာသင်ကျောင်းဆောက်လုပ်ရန် လှူဒါန်းလိုက်လေတော့သည်။
၁၈၂၆ ခုနှစ် မက်လ (၆) ရက်တွင် ဆရာကြီး
ယုဒဿန်တို့ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာခွင့် ရရှိခဲ့ချိန်တွင်တွင်
သမီးငယ်လေး မာရိယာမှာ (၁) နှစ်ကျော် အရွယ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
မမ ယုဒဿန်မှာ ငယ်ရွယ်သော အသက်၊ နုနယ်သော ခန္ဓာကိုယ်ကို ဆန့်ကျင်ကာ
ခင်ပွန်းသည် ဆရာကြီး ယုဒဿန် အနားတွင် ပါရမီ ဖြည့်ကာ
အမှုတော်မြတ်အတွက် ပေးဆပ်ခဲ့သူ ဖြစ်ပါသည်။ ကျမ်းတမ်းသော လူနေမှု
စရိုက်၊ ပြင်းထန်သော ရာသီ ဥတုနှင့် ရင်ဆိုင် ယှဉ်ပြိုင်ကာ သောကနှင့်
ခက်ခဲမှုများကို ကြိုးစား တိုက်လှန်ရင်း ဝိညာဉ်အများ ရှင်သန်နိုင်ဘို့
အသက်ကို စွန့်ခဲ့ရသူ တစ်ဦးပါ။ ၁၈၂၆ ခုနှစ် အောက်တိုဘာလ (၂၆)
ရက်နေ့တွင် ကျောက်ဆောင်အမျှ တည်ကြည် ခိုင်မာခဲ့သော စိတ်နှင့်
ခန္ဓာကို နှုးညံ့သော သူမ၏ ဝိညာဉ်တော်က စွန့်ခွာခဲ့ပြီး သခင့်၏
အထံတော်ပါးတွင် မှေးစက် အိပ်ပျော်သွားခဲ့ပါတော့သည်။
အသက်ငယ်ငယ် လူမမယ် သမီးလေး
မာရိယာသည်လည်း ပြင်ထန်းလှသော ရာသီဥတုနှင့် ရောဂါဘယများကြောင့် ဝေဒနာ
အများနှင့် သခင့်ရင်ခွင် အပါးတွင် ခိုဝင်ခဲ့သည့်အချိန်မှာကား ၁၈၂၇ ခုနှစ်
ဧပြီလ (၂၄) ရက်နေ့ပင် ဖြစ်ပါသည်။ သမီငယ်လေး၏ ရုပ်ခန္ဓာကတော့ မိခင်၏ မြေပုံ
နံဘေးတွင် လှဲလျောင်း အိပ်စက် သွားခဲ့ပါပြီ။
ဆရာကြီး ယုဒဿန်မှာ ဇနီးသည်နှင့် အတူ
သားသမီးများ အားလုံးကို ဆုံးရှုံးခဲ့ရပြီး ဒါဏ်ရာများနှင့် ဝေဒနာသာ သူ၏
ရင်တွင် ပြည့်နှက်စွာ ခံစားခဲ့ရပါသည်။ တနဿင်္ရီဒေသ၏ တောနက်ကြီးထဲမှာ စိတ်ကို
အမှောင်ချ၊ အားလုံးကို မေ့ပစ်ဘို့ ကြိုးစားချင် ခဲ့သော်လည်း၊
အမှုတော်မြတ်မှာ ပေးဆပ်ထားပြီးသား သူ့ရဲ့ နှလုံးသားဟာ သေဆုံးမသွားနိုင်ခဲ့ဘဲ
အမှုတော်မြတ်အတွက် ဦးလှည့်ကာ ပြန်လာခဲ့ပါတော့သည်။
ကိုယ်စိတ်နှလုံး
သုံးပါးကို ပြန်လည် ပြင်ဆင်ခဲ့ရင်း အမှုတော်ဆောင် တစ်ဦး ဖြစ်သူ မစ္စ
ဆာရာ နှင့် တစ်ဦးကို တစ်ဦး ပါရမီဖြည့်ရင်း ပိုမို လုပ်ဆောင် နိုင်ဘို့
၁၈၃၄ ခုနှစ် အသက် (၄၆) နှစ် အရွယ်တွင် ထပ်မံ အိမ်ထောင်ပြု ခဲ့ပါသည်။
ဇနီးမောင်နှံ နှစ်ဦးအတူ လက်တွဲ
အမှုတော်ဆောင်ရင်း ၁၈၃၅ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ဓမ္မဟောင်းကျမ်းကို
ဘာသာပြန်ဆို ပြီးစီးခဲ့လေ တော့သည်။ ၁၉၃၅ ခုနှစ်မှာပင် ဇနီးသည်၏ ကျန်းမာရေး
လိုအပ်ချက်များကြောင့် အမေရိကန်နိုင်ငံသို့ ပြန်လည်ခရီးပြုရင်း လမ်းခရီး
တစ်နေရာ စိန့်ဟာရီနာ ကျွန်းအနီးတွင် ဒုတိယ ဇနီးသည်မှာလည်း
အသက်ပေးသွားခဲ့ရပြန်ပါသည်။
ချစ်သူရယ် … စိမ်းလန်းကျွန်းသာ ခွဲခွာရာဖြစ်
ရှေ့ပြည်အရေး .. မျှော်ရည်တွေးကာ
သင်သာ ရှေ့လှမ်း၊ ငါနောက်လှမ်းပြီ
ဘယ်ကမ်းဘယ်မှာ၊ ဇာတာမှိန်မှိန်၊ ပြန်ဆုံချိန်ကို
မမျှော်ရဲပြီ။
ချစ်သူရယ် … မျက်ရည်ကြွေကျ၊ သဲကြေမွ၍
နှုတ်ဆက်ခွဲခွာ၊ မစွမ်းသာငြား
သွားပါအသင်၊ သခင်ရှိသည်။
ကြေကွဲခြင်းကို အံတုမည်။
ချစ်သူရယ် … သခင့်ချပ်ဝတ်၊ ကိုယ်မှာ ဝတ်တင်
သတိဆင်လျက်
ဗုဒ္ဓထွန်းရာ၊ ပြည်မြန်မာဝယ်
သခင့်မေတ္တာ လွှမ်းစေသား။
ဇနီးသည်မပါ တစ်ကိုယ်ရေ အိမ်ပြန်လမ်းခရီးဟာ
နာကျင် မှုများနဲ့၊ ပြည့်လျှံ ခဲ့ရပါသည်။ မွေးရပ်မြေ အမေရိကန်မှာ
ဘုရားသခင်ရဲ့ သတင်းကောင်း တွေကို နေရာ တစ်ချို့မှာ ပြန်လည် ဝေမျှပြီး
သူရဲ့ နှလုံးသား မြုတ်နှံ ထားပြီး ဖြစ်သော မြန်မာ ပြည်ကို ပြန်လည် ထွက်ခွာ
ဘို့ ပြင်ဆင် ခဲ့ပါသည်။
အဲဒီအချိန်မှာဘဲ ဆရာယုဒဿန်ရဲ့
အမှုတော်မြတ်မှာ အနစ်နာခံ လုပ်ဆောင်နေမှုကို ပါရမီ ဖြည့်ချင်သော မစ္စ
အန်မလီနှင့် ၁၈၄၅ ခုနှစ်တွင် ထပ်မံ အိမ်ထောင်ပြုပြီး မြန်မာပြည်ကို ပြန်လည်
ထွက်ခွာလာခဲ့ပါသည်။ ၁၉၄၆ ခုနှစ် ဇူလိုင်လ (၁၁)
ရက်နေ့တွင် မြန်မာပြည်ကို ပြန်လည်ေ၇ာက်ရှိခဲ့ပြီး ဇနီးမောင်နှံ (၂) ဦး
အတူလက်တွဲကာ အမှုတော်မြတ်အတွက် ဆက်ကပ်ခဲ့ကြပါသည်။
၁၈၄၉ ခုနှစ်နှစ် ဇန္နဝါရီလ (၂၄) ရက်နေ့တွင်
အင်္ဂလိပ်မြန်မာ အဘိဓါန်ကို ရေးသား ပြီးစီးခဲ့ပါသည်။ သမ္မာကျမ်းစာ
အဘိဓါန်နှင့် အတူ စာပေ များစွာ ကို ရေးသားခဲ့ပြီး အမှုတော်မြတ်အတွက်
ဝိညာဉ်များစွာကို ကယ်တင် လမ်းပြခဲ့လေသည်။ မောပန်းလှပြီ ဖြစ်သော သူ၏
ဝိညာဉ်ကို သခင့်ထံပါး တွင် ဆုလဒ်များစွာနှင့် အတူ ခိုနားရန်အတွက်
ဤတစ်ကြိမ်တွင် ထပ်မံ သိမ်းဆည်းခြင်း ခံရသူမှာ
သူကိုယ်တိုင်ပင် ဖြစ်ပါတော့သည်။
အမေရိကန်ကို ပြန်ပြီး ဆေးကုသမှု ခံယူရန်
သဘောင်္ဖြင့် ထွက်ခွာလာခဲ့ရာ ၁၈၅၀ ခုနှစ် ဧပြီလ (၁၂)
ရက်နေ့တွင် မောပန်းလှပြီ ဖြစ်သော ဝိညာဉ်ကို ဘုရားသခင်က ပြန်လည်ကာ
ရုပ်သိမ်းခဲ့လေတော့သည်။
ပထမ ဇနီးသည် အန်းတစ်ယောက်
စွန့်ခွာထွက်သွားချိန်တွင် သူအနားမှာ မရှိခဲ့လို့ စိတ်မှာ နာကျင်
ခံစားခဲ့ရပါသည်။ သူရဲ့ သမီးငယ်လေး မာရီယာ သေဆုံး သွားခဲ့ချိန်မှာလည်း
သူ့ရဲ့ မျှော်လင့် ချက်တွေ သေဆုံး ခဲ့ရပြန်ပါသည်။ ဒုတိယ ဇနီးသည် စာရာကတော့
သူ့ရဲ့ လက်ပေါ်မှာဘဲ သေဆုံးသွား ခဲ့တာကြောင့်
သူ ဖြေမဆည်နိုင် ဖြစ်ခဲ့ရပြန်ပါသည်။ သူ အသက် ဆုံးသွားချိန် မှာတော့
ဇနီးသည်က အနားမှာ မရှိ၊ ပင်လယ်ခရီးလမ်းမှာ ဖြစ်သော ကြောင့် ဝေဒနာတွေကို
ကြိတ်မှိတ် ခံစားခဲ့ရတယ်။ သူ၏ မြန်မာပြည် သာသနာ ခရီးအတွက် ပေးဆပ်ခဲ့ရသော
ဒါဏ်ရာများ၊ နာကျင်ကြေ ကွဲမှုများ၊ သူ၏ သွေးနှင့် ချွေးများ ထို့နောက် သူ၏
မျက်ရည် စက်များ ထိုခံစားချက်များ အားလုံး အတွက် သူ၏ တစ်ခွန်း တည်းသော
စကားလေးက ပြည့်စုံ လုံလောက် ခဲ့ပါသည်။ ထိုစကားလေးမှာ
အဘိဒါဏ်ကို ပြုစု ပြီးချိန်တွင် သူမှတ်တမ်း တင်ခဲ့သည့် “ခရစ်တော် အတွက်သာ မဟုတ်ခဲ့ရင်” ဆိုသော စကား လေးပင် ဖြစ်ပါသည်။
ဒါဏ်ရာများနှင့် ပြည့်နှက်ခဲ့သော
ရုပ်ကြွင်းခန္ဓာမှာမူကား ဂုဏ်ပြုသူ မရှိ၊ အမှတ်တရ မရှိ၊ သင်းချိုင်းမရှိ၊
ပင်လယ်ရေပြင်အောက် တစ်နေရာတွင် နစ်မြုတ်လို့ ကျန်ရစ်ခဲ့ပါပြီ။
ဆရာကြီး ယုဒဿန်သည် ရန်ကုန်မြို့တွင်
(၁၀) နှစ်၊ အင်းဝမြို့တွင် (၂) နှစ်၊ မော်လမြိုင်မြို့တွင် (၂၃) နှစ်
စုစုပေါင်း (၃၅) နှစ်ကြာ မြန်မာပြည်မှာ ဒုက္ခဝေဒနာ ပင်ပန်း ဆင်းရဲမှု
အမျိုးမျိုးကို ခံယူပြီး မြန်မာပြည်၏ နှစ်ခြင်း သာသနာဟူသော မျိုးစေ့ကို
ကြဲဖြန့်ခဲ့ပါသည်။ ဆရာကြီး ယုဒဿန် ခေါ်တော်မူခြင်း ခံရချိန်တွင်
အမှုတော်ဆောင် (၁၆၂) ဦး၊ အသင်းတော် (၇၄) ပါး၊ နှစ်ခြင်း ခံပြီးသူ (၈၉၂) ဦး၊
ယုံကြည်သူ (၇၉၀၄) ဦးတို့ကို ထားခဲ့နိုင်ခဲ့သည့်
အပြင် ယောင်္ကျားလေး ဘော်ဒါဆောင် စာသင်ကျောင်းနှင့် ကျမ်းစာသင်ကျောင်း၊
စုစုပေါင်း (၄၄) ကျောင်းကို တည်ထောင်ပေးနိုင် ခဲ့ပါသည်။
သို့သော်လည်း သူ၏ အသက်၊ သူ၏ မိသားစုများ၏
အသက်များဖြင့် စတေးကာ တည်ဆောက်ခဲ့သော သာသနာသည်
အသက်ရှင်သန် လေဟုန်ဆန်ကာ နှစ် (၂၀၀) ကို ရောက်ရှိလာချိန်တွင် ခရစ်ယာန်
အသင်တော် (၄၉၀၅) ပါး၊ ကျမ်းစာသင်ကျောင်း (၂၀) ကျောင်း၊ ဓမ္မတက္ကသိုလ်
(၂၅) ကျောင်း၊ ယုံကြည်သူ ခရစ်ယာန် (၄) သန်းခန့် သည် ခရစ်တော်ကို ရရှိကာ
ထာဝရအသက်ကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြလေသည်။ အသက်သွေးနဲ့စတေး သူရေးခဲ့သော
သမိုင်းသည် အမြစ်ခိုင်မာ နှစ် (၂၀၀) ကြာမြင့်လို့ လာခဲ့ချိန်တွင်
ကျွန်တော်တို့ အယောက်စီတိုင်းသည်လည်း စိတ်နှလုံးကို ပြင်ဆင်ပြီး ဘုရားရှင်၏
အလိုတော်နှင့် အညီ ပါဝင်လျက် ကြီးမြတ်လှသော သာသနာ သမိုင်းကို ဆက်လက်
ပါဝင်ကြပါစို့လား။
ဦးနော အောက်မေ့ဘွယ် နှစ်ခြင်းအသင်းတော်မှ
ထုပ်ဝေ ဖြန့်ချီသော “ခရစ်တော်သာ မရှိခဲ့ရင်…” ဆရာကြီး ယုဒဿန်၏ အထုပ္ပတိ
မှတ်တမ်း ဒီဗွီဒီ အခွေမှ နောက်ခံ စကားပြော များကို ကူးယူ ရေးသားပါသည်။
No comments:
Post a Comment