(SWOT
Analysis for Local Church)
အသင်းတော်၏ အားသာချက် (Strength)၊ အားနည်းချက် (Weakness)၊ အခွင့်အလမ်း (Opportunities) နှင့်အတား အဆီး (Threat) တို့အား စနစ်တကျ ဆန်းစစ်သောနည်းကို (SWOT Analysis) ဟုခေါ်ပါသည်။ ဤနည်းအားဖြင့် အသင်းတော်၏ ရူပါရုံနှင့် ရည်ရွယ်ချက်များကို အောင်မြင်တိုးတက်စေသော အဓိကအကြောင်းတရားများအား ဖော်ထုတ်နိုင်ပါသည်။ အသင်းတော်လုပ်ငန်းများကို ကျဆင်းစေသော အသင်းတော်အတွင်းရှိ အားနည်းချက်များကို တွေ့မြင်လာကြလိမ့်မည်။ ပြင်ပဝန်းကျင်သည် အသင်းတော်အတွက်
မည်သည့်အခွင့်အလမ်းများကိုပေး၍ မည်သည့်အတားအဆီးများဖြင့် ကာဆီးထားကြောင်း တွေ့မြင်လာကြလိမ့်မည်။ ပြဿနာများကို ဖြေရှင်းရန်လိုအပ်သော သတင်းအချက်အလက်များကို ရရှိပါသည်။
ယေရှုခရစ်နှင့် “အ” လေးလုံး
(က) သခင်ယေရှု (၃) နှစ်ခန့် အမှုတော်ဆောင်နေစဉ်အားသာချက်ရှိသူများကို ချီးမွမ်းခဲ့ပါသည်။ ဗျာဒိတ်ကျမ်းတွင် ခရစ်တော် သည် အသင်းတော်များ၏အားသာချက်များ (Strengths) များကိုချီးကျူးခဲ့သည် (ဗျာ၂း၂-၃၊ ၁၂း၁၃)။
(ခ) လူတို့၏အားနည်းချက်များကို သခင်ယေရှုထောက်ပြကြောင်းခရစ်ဝင်ကျမ်းများ၌ တွေ့ရပါသည် (မာကု ၁၀း၂၁)။ ဗျာဒိတ်ကျမ်းတွင်အသင်းတော်များ၏ အားနည်းချက်များ (Weaknesses) ကိုဝေဖန်ထောက်ပြခဲ့ပါသည်။ (ဗျာ၂း၎၊ ၃း၁၆)
(ဂ) သခင်ယေရှုသည် အလုပ်လုပ်ရန် အခွင့်အလမ်းများ (Opportunities) ကိုမြင်တတ်ပါသည် (ယော၉း၁-၄)။ တပည့်တော် များလည်းအမှုတော်ဆောင်ရန် အခွင့်အလမ်းများကိုမြင်တတ်ဖို့ကိုယ်တော်
သွန်သင်ပါသည် (ယော၎း၃၅)။ (ဃ) သခင်ယေရှုကအသင်းတော်၏ ပြင်ပလောကတွင် အန္တရာယ်အတားအဆီးများ (Threats) ရှိကြောင်းပြောခဲ့ပါသည် (မဿဲ ၁၀း၁၆)။ ဝန်းကျင်ရှိအန္တရာယ်များကိုဆန်းစစ်၍ ကြိုတင်ပြင်ဆင်ရန် သွန်သင်ပါသည် (လုကာ ၁၄း၃၁-၃၂)။
အသင်းတော်တွင်းအခြေအနေ (S-W)
အသင်းတော်၏ ပကတိအခြေအနေမှန်ကို ရိုးသားစွာအကဲဖြတ်ပါ။ အဖြစ်သဘောမျိုးဆန်းစစ်ခြင်းနှင့်အလွန်အကျူး ဝေဖန်ခြင်းကိုရှောင်ကြဉ်ပါ။ အသင်းတော်အတွင်းရှိ အားသာချက်အရေအတွက်နှင့် အားနည်းချက် အရေအတွက်တို့ကိုမျှတ အောင်ကြိုးစား၍ဖော်ထုတ်ပါ။ အောက်ပါမေးခွန်းများကို အသုံးပြုနိုင်ပါသည်။
(၁) မည်သည့်လုပ်ငန်းများအောင်မြင်နေသနည်း။
(၂) မည်သည့်လုပ်ငန်းများအောင်မြင်မှုနည်းပါးသနည်း။
(၃) အသင်းတော်၏မည်သည့်အခန်းကဏ္ဌများသည် နိုးကြားရှင်သန်နေပါသနည်း။
(၄) မည်သည့်အခန်းကဏ္ဌများသည် အားနည်းသနည်း။
(၅) အပြင်လူတစ်ဦးသည်အခြားအသင်းတော်များနှင့် ကျွန်ုပ်တို့အသင်းတော်ကိုနှိုင်းယှဉ်လေ့လာပါက ထင်ရှားသောထူးခြားချက်များ (အကောင်း၊ အဆိုး) တွေ့နိုင်ပါသလား။
(၆) မည်သည့်အရင်းအမြစ်များကို ကျွန်ုပ်တို့ရနိုင်သနည်း။
(၇) ကျွန်ုပ်တို့၏လိုအပ်ချက်များနှင့် မည်သို့ဆက်စပ်နိုင်သနည်း။
အသင်းတော်ပြင်ပအခြေအနေ (O-T)
အသင်းတော်ပြင်ပရှိလူမှုရေး၊ စီးပွားရေး၊ ဘာသာရေးအခြေအနေများတွင် အသင်းတော်အတွက်အခွင့်အလမ်းများ (Opportunities) နှင့် အတားအဆီးများ (Threats) တို့တည်ရှိပါသည်။ အခွင့်အလမ်းများသည်အသင်းတော်ကို ကောင်းကျိုးပြု နိုင်ပြီး အန္တရာယ်အတားအဆီးများသည် အသင်းတော်၌ဆိုးကျိုးများ ဖြစ်စေရန် အလားအလာရှိပါသည်။ ပြင်ပအခြေအနေကို ဆန်းစစ်ရန် အောက်ပါမေးခွန်းများကို အသုံးပြုနိုင်ပါသည်။
(၁) အသင်းတော်၏အရင်းအမြစ်များနှင့် အင်အားများကိုအသုံးပြုလျက် ပတ်ဝန်းကျင်လူထု၏ မည်သည့်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သနည်း။
(၂) ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် အသင်းတော်၏ အနာဂါတ်ဘဝကို လွှမ်းမိုးချယ်လှယ်နိုင်သော ပြောင်းလဲမှုများပေါ်ပေါက် နေပါသလား။
"အ" လေးလုံး၏အကျိုးကျေးဇူး။
ဤဆန်းစစ်နည်းဖြင့် အသင်းတော်၏ ပကတိအခြေအနေကိုသာ ဖော်ပြနိုင်ပါသည်။ ပြဿနာဖြေရှင်းနည်းများကို တစ်ပြိုင်တည်းမဖော်ထုတ်နိုင်ပါ။ တွေ့ရှိသောအချက်အလက် (၄) မျိုးအခြေခံ၍ ပိုမိုတိုးတက်သောအသင်းတော်ဖြစ်စေရန်လုပ်ငန်း စီမံချက်များကို အောက်ပါရည်ရွယ်ချက်များဖြင့် ရေးဆွဲနိုင်ပါသည်။
(၁) အသင်းတော်၏အင်အားတိုးချဲ့ရန် (To build its Strengths)
(၂) အသင်းတော်၏ အားနည်းချက်များ ကိုပြုပြင်ပြောင်းလဲရန်။ (To reverse its Weaknesses)
(၃) ဝန်းကျင်ရှိ အခွင့်အလမ်းများကို အသုံးချရန်။ (To maximize the response to its Opportunities)
(၄) ဝန်းကျင်ရှိအတားအဆီးများကို အောင်မြင်စွာကျော်လွန်ရန်။ (To overcome its Threats)
ဒေါက်တာစောစေးခူ

No comments:
Post a Comment